ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဖက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်ရန်ရှိခြင်း


ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဖက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်ရန်ရှိခြင်း

ရန်ကုန်၊ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ဖွဲ့စည်းထူထောင်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ NYDC ၏ ရည်မှန်းချက်မှာ ရန်ကုန်မြစ်အနောက်ဖက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန်ဖြစ်သည်။ ယင်းဖွံ့ဖြိုးရေးလုပ်ငန်းသည် ရန်ကုန်မြို့သစ်ဟု အမည်တွင်မည်ဖြစ်ပြီး တည်ဆောက်မှုပြီးစီးပါက ယင်းဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆ ကျယ်ဝန်းမည်ဖြစ်သည်။

NYDC ကို အထူးကမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ခဲ့ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည် ပိုင်ဆိုင်သည်။ မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံ လုပ်ငန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံကျော် ကုန်ကျမည်ဟု မျှော်မှန်းသည်။ အဆိုပါ လုပ်ငန်းများတွင် ရွာမြို့နယ် (၅) ခု၊ တံတား (၂) စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုံ၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မှာဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က “ခိုင်မာတောင့်တင်းသော စက်မှုအခြေခံ တည်ဆောက်ခြင်းသည် အလုပ်အကိုင်များဖန်တီး ပေးမည်ဖြစ်ပြီး ယင်းမှတဆင့် အကျိုးကျေးဇူးများကို အခြားကဏ္ဍများသို့ တဖြည်းဖြည်း စီးဆင်းစေမှာ ဖြစ်ပါသည်။ တစ်ချိန်တွင် မိသားစုများနှင့် နိုင်ငံကိုပါ အကျိုးပြုမှာ ဖြစ်ပါသည်။ ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် (၂) သန်းဖန်တီးပေးပြီး ဒေသခံ စီးပွားရေးလုပ်ငန်းများကို ထောက်ကူပေးခြင်း နှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီ များကိုလည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဤစီမံကိန်းမှ ကမ္ဘာ့အဆင်မီ့ ရေရှည်တည်တံ့၍ စိတ်ချရသော အခြေခံအဆောက်အဦ နှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့် နေထိုင်စရာများလည်း ပါဝင်ကြောင်း” ပြောကြားခဲ့သည်။
ရန်ကုန်မြို့သည် နိုင်ငံ၏ စီးပွားရေးဗဟို အချက်အခြာဖြစ်နေပြီး၊ နိုင်ငံ၏အမျိုးသား ဂျီဒီပီ ၂၆% ရှိသည့် ငွေကျပ် ၁၉.၃ ထရီလီယံ ထုတ်လုပ်ပေးနေသည်။ ရန်ကုန်မြို့၏ လူဦးရေသည် လာမည့် (၁၀) နှစ်တွင် (၁၀) သန်း အထိ ရောက်ရှိလာမည်ဟုခန့်မှန်းထားပြီး တိုးပွားလာသည့်လူဦးရေကြောင့် အလုပ်အကိုင်၊ လူနေအိမ် နှင့် အခြေခံအဆောက်အဦ အပါအဝင် သန့်ရှင်းသောရေ ဖြန့်ဖြူးပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အား လုံလောက်စွာ ပေးနိုင်ရေးတို့အပေါ်တွင် ကိုင်တွယ်ဖြေရှင်းရန်လိုအပ်လာမည်ဖြစ်သည်။

ရန်ကုန်မြို့သစ်အား စွမ်းရည်ရှိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ တာဝန်ခံမှုရှိခြင်း အစရှိသည့် စံနမူနာအချက်များကို ဖော်ဆောင်နိုင်ရန် နှင့် လုံခြုံပြီး သတင်းဆက်သွယ်ရေး နည်းပညာထွန်းကား၍ သန့်ရှင်းသော မြို့တစ်မြို့ဖြစ်လာရန် မျှော်မှန်းထားသည်။ ရန်ကုန်မြို့သစ်တည်ဆောက်ရာတွင် Public Private Partnership ဟုခေါ်သည့် မော်ဒယ်ကို အဓိက အသုံးပြုမည်ဖြစ်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုတို့အတွက် ပုဂ္ဂလိက အဖွဲ့အစည်းကဏ္ဍမှာ အလွန်အရေးပါသည်။

NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့က စီမံခန့်ခွဲမည်ဖြစ်ပြီး၊ ၎င်းသည် ယင်းကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ပါသည်။ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှုင့် အကောင်းဆုံး လုပ်နည်း လုပ်ဟန်များအတိုင်း လိုက်နာဆောင်ရွက်ရန် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့် လွတ်လပ်သော ဒါရိုက်တာများ ပါဝင်မည်ဖြစ်သည်။

NYDC ၏ Vice President နှင့် CEO ဖြစ်သူ Mr. Serge Pun မှ ပြောကြားရာတွင် “အလုပ်အကိုင် အခွင့်အလမ်း အသစ်များကြောင့် ကြီးမားလှသည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့၏ မြေယာခန့်ခွဲမှုစနစ်၊ အလုပ်သမားမူဝါဒ၊ ပညာရေးမူဝါဒ၊ အစိုးရ၏ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နှင့် ဆက်စပ်သည့် စည်းမျဉ်းစည်းကမ်းများကို အစိုးရနှင့် နီးကပ်စွာ လုပ်ဆောင်သွားရန် မျှော်လင့်သည့်အပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဖက်များနှင့်လည်း လုပ်ငန်းများ အတူတူလုပ်ဆောင်သွားရန် မျှော်မှန်းပါကြောင်းဖြင့်” ပြောကြားသည်။

ထို့အပြင် Mr Pun မှ “ကျွန်တော်မှ NYDC ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ကောင်းမွန်သောစီမံအုပ်ချုပ်မှု လုပ်ဆောင်နိုင်ရန် ကျွန်တော်ကိုယ်တိုင်နဲ့ ကျွန်တော့်၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင်ရှိ သော ကုမ္ပဏီများအနေဖြင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တင်ဒါများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ရှိသော် ကျွန်တော့်အနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဝင်ရောက်ကူညီမည် မဟုတ်ကြောင်း” ကတိကဝတ်ပြုလိုပါသည်။ ဤကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် အလေ့အကျင့်ကောင်းများဖြင့် အကျိုုးစီးပွားများဆိုင်ရာ ပဋိပက္ခပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဖြစ်ပါသည်” ဟု ပြောကြားသည်။

မျှတသော ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စွမ်းဆောင်ရည်ရှိစေရန် NYDC သည် ကမ္ဘာအနှံ့မှ ကျင့်သုံးနေသည့် model ဖြစ်သည့် Swiss Challenge1 ကို နိုင်ငံအတွင်းရှိ အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ပြုပြင်ပြီး NYDC Challenge ဟု နာမည်ပြောင်းလဲကာ လက်ခံကျင့်သုံးသွားမည်။ ထိုကျင့်သုံးမှုကို NYDC ၏ လွတ်လပ်သည့် ဒါရိုက်တာဖြစ်သူ Mr. George Yeo မှ အထူးကြိုဆိုလက်ခံသည်။ ပါဝင်သက်ဆိုင်သူများအားလုံးထံမှ ယုံကြည်မှုရရှိရန် ပွင့်လင်းမြင်သူမှုရှိခြင်းသည်သာ အရေးကြီးဆုံးဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝန်ကြီးဟောင်းဖြစ်သူ Mr. George Yeo မှပြောသည်။

ဆက်လက်၍ Mr. Yeo မှ “ရန်ကုန်မြို့သစ် တည်ဆောက်ရေးကို အခြေခံ ကနဦးအခြေအနေမှ အစပြုရသည့်အတွက် အုပ်ချုပ်မှု အဖွဲ့အနေဖြင့် မြို့သစ်အား လူမှုရေး သဟဇာတဖြစ်စေရန်၊ ကောင်းမွန်သော ပတ်ဝန်းကျင်ရှိသည့် နေချင်စဖွယ် မြို့သစ်တစ်ခုဖြစ်ရန်နှင့် စီးပွားရေး အောင်မြင်ဖြစ်ထွန်းစေရန် မြူနီစီပါယ်အုပ်ချုပ်မှု ပုံစံသစ်များနှင့် စမ်းသပ်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် ရန်ကုန်မြို့ဟောင်းနှင့် မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် ကိုက်ညီမှုရှိသည့် စံနမူနာကောင်းများကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး နှင့် NYDC ၏ ဥက္ကဌဖြစ်သူ ဒေါ်နီလာကျော်မှ စီမံကိန်း အောင်မြင်ရေးအတွက် ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုပြီး နိဂုံးချုပ်ပြောကြားရာတွင် “မိမိအနေဖြင့် NYDC ဥက္ကဌအဖြစ် အရွေးခံရသည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ မိမိနိုင်ငံအတွက် အပြုသဘောဆောင်သည့် အပြောင်းအလဲကို လုပ်ဆောင်နိုင်မည်ဟု မှတ်ယူပါကြောင်း၊ စီမံကိန်းတွင် ပါဝင်ပတ်သက်သူများအားလုံးနှင့် ထိရောက်စွာ ညှိုနှိုင်းဆောင်ရွက်သွားပြီး စီမံကိန်းအောင်မြင်ရန် စွမ်းဆောင်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

Related Posts