အင်ဂျင်နီယာနှင့် ဗိသုကာအသင်းအဖွဲ့များမှ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းခြင်း


စက်တင်ဘာ ၂၇၊ ၂၀၁၈။

စက်တင်ဘာလ (၂၃)ရက်နေ့၊ တနင်္ဂနွေနေ့က NYDC မှ ဦးစီးပြီး  မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ ၊  မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းနဲ့ အခြားအဖွဲ့အစည်းများမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး နည်းပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ (Technical Roundtable) ကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို NYDC ရဲ့ Planning and Development ဌာနခေါင်းဆောင် ဒေါ်အေးအေးခိုင်မှ ရန်ကုန်မြို့သစ်ရဲ့ လူမှု-စီးပွားပင်မစီမံချက် (Socio-Economic Master Plan) မှာပါတဲ့ အရေးကြီးတဲ့အချက်တွေကို အကျဉ်းချုံးရှင်းပြခြင်းနဲ့စတင်ခဲ့ပြီး ကျွန်တော်ကတော့ အမေးအဖြေကဏ္ဍမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

စဉ်ဆက်မပြတ်ဆွေးနွေးမှုများ၏အရေးပါပုံ

ဒီပွဲမှာ မြို့သစ်စီမံရေးနဲ့ပတ်သက်ပြီး  တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေနဲ့ အရေးကြီးတဲ့ သုံးသပ်ချက်တွေကို  ဝေမျှခဲ့တဲ့ ပညာရှင်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း  ပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့  ဒီလိုဆွေးနွေးပွဲတွေကိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ပညာရှင်တွေထံမှ အကြံဉာဏ်များနဲ့ အမြင်များရရှိနိုင်ဖို့နဲ့ တက်ရောက်လာသူတွေက မေးမြန်းချင်တဲ့ ကိစ္စတွေကို  ပွင့်လင်းမြင်သာစွာနဲ့ ဖြေဆိုပေးနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲက မြို့သစ်ရဲ့  Master Plan ရေးဆွဲခြင်းလုပ်ငန်းတွေကို ယုံကြည်မှုရှိရှိ  ဆက်လက်လုပ်ဆောင်နိုင်ဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ အခုလို Master Plan ကို ရေးဆွဲနေတဲ့ အချိန်အတွင်းမှာ ပညာရှင်တွေ၊ အကျိုးသက်ဆိုင်သူတွေနဲ့   အများပြည်သူတွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ်ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒီလိုပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲတွေက  ကျွန်တော်တို့ ရန်ကုန်မြို့သစ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ကုန်ထုတ်စွမ်းအားကောင်းတဲ့မြို့၊  နေပျော်ဖွယ်ကောင်းတဲ့မြို့ ဖြစ်ပေါ်လာရေးအတွက် အထောက်အကူ အများကြီးပေးနိုင်တယ်လို့  ကျွန်တော်တို့ ယူဆပါတယ်။

စိန်ခေါ်မှုတွေရှိပေမဲ့ အောင်မြင်စွာရောက်ရှိနိုင်တဲ့ ပန်းတိုင်

ရန်ကုန်မြို့သစ်ရဲ့ ရည်မှန်းချက်က အနာဂတ်မှာ ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်ဖော်ထုတ်ပေးနိုင်တဲ့ အရင်းအမြစ် ဖြစ်စေရေးဖြစ်ပြီး နောက်ဆုံးမှာ အလုပ်အကိုင်အသစ် (၂)သန်းအထိ ဖန်တီးပေးနိုင်ရေးဖြစ်ပါတယ်။ ဒီရည်မှန်းချက်မှာ ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေရှိပေမဲ့ ဘက်ပေါင်းစုံက အားထုတ်မှုတွေနဲ့ အတူတူ ပူးပေါင်းလုပ်ကိုင်သွားရင် အောင်မြင်တဲ့ပန်းတိုင်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ အလုပ်အကိုင်သစ်ဖန်တီးပေးနိုင်မယ့်သူတွေကို ဆွဲဆောင်နိုင်မယ့်၊ အထောက်အကူပြုနိုင်မယ့် မှန်ကန်တဲ့မူဝါဒတွေကို တာဝန်ရှိအစိုးရက ချမှတ်ပေးဖို့လိုပါတယ်။ ဒုတိယအဆင့်အနေနဲ့ မြို့ပြစီမံကိန်း ရေးဆွဲတဲ့သူတွေနဲ့ တည်ဆောက်မယ့်သူတွေက လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ဖို့လိုပါတယ်။ ဒါမှလည်း လုပ်ငန်းရှင်တွေက စီးပွားရေးလုပ်ငန်းတွေကို ချောမွေ့စွာနဲ့ အကျိုးရှိရှိ စီမံလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တတိယအနေနဲ့  ကျွန်တော်တို့ရဲ့ အနာဂတ်ကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း လိုအပ်တဲ့ ဘဏ္ဍာငွေတွေကိုထည့်ဝင်ပြီး ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ အများပြည်သူများကလည်း ထောက်ပံ့မှုတွေ၊ ဝိုင်းဝန်းကူညီမှုတွေ ပြုလုပ်ပေးဖို့လိုပါတယ်။ ဒီလိုမျိုး ဘက်ပေါင်းစုံက စုစုစည်းစည်းနဲ့ ဝိုင်းဝန်းကြိုးစားအားထုတ်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက အကောင်အထည်ပေါ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

၃+၄+၅ မဟာဗျူဟာ

ကျွန်တော်တို့ရဲ့ လူမှု-စီးပွားပင်မစီမံချက်ထဲမှာ – ရန်ကုန်မြို့သစ်အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိ၍ မျှခြေရှိသည့် စီးပွားရေးတစ်ရပ်ကို ဖြစ်ပေါ်လာစေရန် ကဏ္ဍ (၁၂) ရပ် : “၃+၄+၅” ကဏ္ဍအလိုက် မဟာဗျူဟာ ဆိုတဲ့အချက် ပါဝင်ပါတယ်။ အဲဒီအချက်တွေကတော့ –

  • ကာလတိုအတွင်း လုပ်သားအင်အား များစွာလိုအပ်သည့် ထုတ်လုပ်ရေးကဏ္ဍ (၃) ရပ် – ဒီကဏ္ဍမှာ အလုပ်အကိုင်များကို လျင်မြန်စွာ ထုတ်ဖော်ပေးနိုင်မယ့် ကဏ္ဍဖြစ်ပါတယ်။ ဥပမာအားဖြင့် အထည်ချုပ်စက်ရုံများ၊ အစားအစာထုတ်လုပ်၊ စီမံ၊ ပြုပြင်ခြင်း၊ ပရိဘောဂနှင့် အခြားသော တာရှည်သုံးသည့်ပစ္စည်းများ ဖြစ်ပါတယ်။
  • ကာလရှည်အားဖြင့် တန်ဖိုးကိုတည်ဆောက်သည့် ထုတ်လုပ်ရေးကဏ္ဍ (၄) ရပ် – ဒီကဏ္ဍမှာ ပိုမိုကျွမ်းကျင်မှုရှိရမယ့် အလုပ်အကိုင်များကို ဖော်ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ-  ဓာတုဗေဒပစ္စည်းများ၊ ဆေးပစ္စည်းများ၊ မော်တော်ကားများ၊ လျှပ်စစ်ပစ္စည်းများနှင့် သတ္တုနှင့်တွင်းထွက်   ထုတ်ကုန်ပစ္စည်းများ ဖြစ်ပါတယ်။
  • စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေထိုင်သူကို ဆွဲဆောင်နိုင်ရေးတို့အတွက် ကူညီပံ့ပိုးပေးနိုင်သည့် ကဏ္ဍ (၅) ရပ် – ဥပမာ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ လက်လီနှင့် လက်ကားရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေရောင်းဝယ်ရေး၊  ထောက်ပံ့ပို့ဆောင်ရေးနှင့်  ငွေကြေးလုပ်ငန်းများ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်ကိုတည်ရခြင်းက လက်ရှိရန်ကုန်မြို့ကို အစားထိုးဖို့ မဟုတ်ပါဘူး။ ရန်ကုန်မြို့ ပိုပြီးတော့ အောင်မြင်အောင်၊ မြို့တော်ရဲ့အရေးကြီးတဲ့  အခန်းကဏ္ဍဖြစ်တဲ့ နိုင်ငံရဲ့စီးပွားရေးမြို့တော်အဖြစ် ဆက်လက်ရပ်တည်နေနိုင်အောင် ရည်ရွယ်ပါတယ်။ ယခုလက်ရှိ ရန်ကုန်မြို့မှာ  အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ၊ လူဦးရေတိုးပွားလာမှုတွေအတွက် မြို့ပြအင်္ဂါရပ်တွေကိုလည်း ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။  ဒါပေမယ့် ရန်ကုန်မြို့သစ်မှာ  တည်ဆောက်မယ့် အခြေခံအဆောက်အအုံတွေနဲ့ ထွက်ပေါ်လာမယ့်  အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို လက်ရှိရန်ကုန်မြို့မှာ ဖော်ထုတ်ဖို့မလွယ်ကူပါဘူး။  ဒီမြေလွတ်ကွင်းပြင်မှာ တည်ဆောက်သွားမယ့် မြို့တော်တစ်ရပ်အနေနဲ့ ရန်ကုန်မြို့သစ်ဟာ အခြားမြို့တော်တွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူနိုင်မယ့် အကျိုးကျေးဇူးလည်းရှိပြီး၊ အတိတ်ကာလရဲ့ အမှားတွေကို ထပ်မံမဖြစ်ပေါ်စေဘဲ အနာဂတ်ကာလကို ခုန်ပျံကျော်လွှားပြီး ရောက်ရှိသွားနိုင်မှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကနဲ့ အများပိုင်ကဏ္ဍကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့  အနာဂတ်မျိုးဆက်သစ်များအတွက် အကောင်းဆုံးအခွင့်အရေးတွေကို  ပေးခဲ့နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

လေးစားစွာြဖင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more