ကျွန်တော်တို့ Cyber Connectivity Infrastructure ကဏ္ဍအတွက် Swiss Challenge ကို စတင်နိုင်ဖို့ Preferred Applicant အဖြစ် Frontiir Pte Ltd (Frontiir) ကို ရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Frontiir ဟာ ၂၀၁၃ ခုနှစ်က Myanmar Net ကို စတင်တည် ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သုံးစွဲသူပေါင်း (၁.၃)သန်း ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ရွေးချယ်မှုလုပ်ငန်းစဥ်
၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလမှာ Stage 2 အခြေခံအဆောက်အဦစီမံကိန်း(၆)ခုအတွက် Expression Of Interest(EOI) ခေါ်ဆိုခဲ့ပြီး Cyber Connectivity Infrastructure ကဏ္ဍအတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ကုမ္ပဏီတွေက EOI တင်သွင်းမှု (၁၃)ခုရှိခဲ့ပါတယ်။ အဲဒီအထဲမှာ လိုအပ်တဲ့ အချက်အလက်မတင်ပြနိုင်တဲ့ ကုမ္ပဏီတွေလည်းပါသလို အချို့ပြန်လည်နှုတ်ထွက်သွားတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ ကုမ္ပဏီတွေက တင်သွင်းလာတဲ့ အချက်အလက်တွေကို အထပ်ထပ်စိစစ်မှုတွေလုပ်ခဲ့ပြီး၊ တွေ့ဆုံမေးမြန်းဆွေးနွေးမှုတွေ အပြီးမှာ ကုမ္ပဏီ(၂)ခုကို ဆန်ကာတင်ရွေးချယ်ခဲ့ပါတယ်။
ကျွန်တော်တို့ Stage 2 အခြေခံအဆောက်အဦကဏ္ဍအားလုံးအတွက် စိစစ်ရွေးချယ်မှုလုပ်ငန်းစဥ်ကို Monetary Authority of Singapore နှင့် Enterprise Singapore တို့က ပူးပေါင်းတည်ထောင်ထားတဲ့ Infrastructure Asia(IA)က ချမှတ်ထားတဲ့ စံနှုန်းအတိုင်း IA နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
ရွေးချယ်မှုရလာဒ်
တင်းကြပ်တဲ့ စိစစ်မှုတွေဆောင်ရွက်အပြီးမှာ မြန်မာနိုင်ငံ ICT ကဏ္ဍနဲ့အကျွမ်းတဝင်ရှိပြီး ၊ ကောင်းမွန်တဲ့ Wi-Fi ကွန်ရက်တစ်ခုကို တည်ထောင်ထားနိုင်တဲ့ Frontiir ဟာ အသင့်တော်ဆုံးဖွဲ့အစည်းအဖြစ် အမှတ်အများဆုံး ရရှိခဲ့ပါတယ်။ Frontiir ရဲ့ ပဏာမအဆိုပြုလွှာဆိုရင်လည်း NYDC ရဲ့ ရေရှည်ရည်မှန်းချက်တွေဖြစ်တဲ့ ဘက်ပေါင်းစုံက ဝန်ဆောင်မှုအပြည့်ပါဝင်တဲ့ Smart City တစ်ခုတည်ထောင်ရေးနဲ့ ကိုက်ညီပါတယ်။
ဒါ့အပြင် Frontiir ရဲ့ လုပ်ငန်းတွေကို နိုင်ငံတကာအတွေ့အကြုံကောင်းတွေ များစွာရှိတဲ့ ကမ္ဘာ့အဆင့်ရှိ အုပ်ချုပ်မှုနဲ့ အင်ဂျင်နီယာ အဖွဲ့သားတွေ ဦးဆောင်လုပ်ကိုင်နေပြီး စီမံကိန်းအဖွဲ့ကို Co-Founder ၊ Chairman နဲ့ CEO ဖြစ်တဲ့ ဦးဝေလင်းထွန်း@Dr. Godfrey Tan က ဦးဆောင်မှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ Cyber Connectivity Infrastructure ကဏ္ဍအတွက် ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ အခြေစိုက်ကုမ္ပဏီတစ်ခုက ရွေးချယ်ခံရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပြီး ရှေ့ဆက်ပြီးတော့ Pre-Project Document အောင်မြင်စွာရေးဆွဲပြီး Swiss Challenge ခေါ်ယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားပါမယ်။
လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun