ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ (၆)ကြိမ်မြောက် Planning Awards 2019 ပွဲမှာ Best Planning Project ကဏ္ဍအတွက် Merit Award ကိုရရှိခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။
SIP Planning Awards ဟာ ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ မြို့ပြဖော်ထုတ်ရေးပညာရှင်(urban planner)တွေနဲ့ အကြံပေးအဖွဲ့အစည်းတွေကို ချီးမြှောက်တဲ့ ဂုဏ်သတင်းကြီးပြီး အဆင့်အတန်းမြင့်မားတဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့အတွက် ဒီဆုဟာ ကျွန်တော်တို့ NYDC အတွက် အရေးပါတဲ့မှတ်တိုင်တစ်ခုဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို ရေးဆွဲရာမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ AECOM, NYDC ဒီဇိုင်းအဖွဲ့သားတွေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးခဲ့တဲ့ ပညာရှင်အားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ ရေလွှမ်းမိုးမှုကာကွယ်ရေးစီမံချက်ကစပြီး နေထိုင်သူတိုင်း ညီတူညီမျှအခွင့်အရေးရရှိပြီး၊ လုံခြုံကြံ့ခိုင်တဲ့ မြို့တစ်ခုအဖြစ် ရေရှည်တည်တံ့နိုင်ဖို့အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးလမ်းညွှန်ချက် (Development and Sustainable Guidelines)အထိပါ ထည့်သွင်းရေးဆွဲထားတဲ့ Master Plan အတွက် ဒီဆုရရှိခြင်းဟာ ရန်ကုန်မြို့သစ်ကို အကောင်အထည်ဖော်နေတဲ့ ကျွန်တော်တို့ရဲ့ တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်မှုနဲ့ စေတနာကို အသိအမှတ်ပြုခံရ ခြင်းလည်း ဖြစ်ပါတယ်။
NYDC အနေနဲ့ ကျွန်တော်တို့ရဲ့ ကတိအတိုင်း မှန်မှန်ကန်ကန်၊ နည်းစနစ်ကျတဲ့ လုပ်ငန်းစဉ်တွေနဲ့ စီမံကိန်းလုပ်ငန်းတွေ၊ အကဲဖြတ်စိစစ်မှုတွေကို ထိရောက်မှု အရှိဆုံးဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်ရင်း တစ်ချိန်တည်းမှာဘဲ အရည်အသွေးမြင့်မားမှုနဲ့ လုံခြုံမှုအတွက် လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလည်း လိုက်နာကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
လေးစားစွာဖြင့်
သိမ်းဝေ@Serge Pun