NYDC Challenge ရဲ့ ပထမအဆင့်ကို စတင်အကောင်အထည်ဖော်ခြင်း


မေ ၃၊ ၂၀၁၈။

NYDC Challenge ဆိုတာ မျှတတဲ့ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှု ရှိအောင်လုပ်ထားတဲ့ ကမ္ဘာအနှံ့မှာ ကျင့်သုံးနေတဲ့ Swiss Challenge အပေါ်အခြေခံထားတဲ့ တင်ဒါစနစ်ဖြစ်ပါတယ်။ NYDC Challenge ရဲ့ ပထမအဆင့်အနေနဲ့ အရည်အချင်းပြည့်မှီတဲ့ ကုမ္ပဏီတစ်ခုက စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Documents-PPD) ကို တင်သွင်းဖို့အတွက် ဒီမူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း ဖြစ်ပါတယ်။ ဒီ PPD မှာ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေ၊ ဘဏ္ဍာရေးအဆိုပြုချက် နဲ့ စီးပွားရေးလုပ်ငန်းပုံစံ (Business model) တွေ ပါဝင်မှာဖြစ်ပြီးတော့ တင်သွင်းလာတဲ့ PPD ကို NYDC မှ ပြန်လည်သုံးသပ်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော်တစ်ခု ရှင်းအောင်ပြောချင်တာကတော့ Framework Agreement လက်မှတ်ရေးထိုးခြင်းသည် CCCC ကို အခြေခံအဆောက်အအုံများ ဆောက်လုပ် ခွင့်ပေးလိုက်ခြင်းမဟုတ်ပါ။ CCCC ကနေပြီးတော့ စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Document-PPD) ကို ပြင်ဆင်ပြီး NYDC ကလည်း သဘောတူလက်ခံပြီးပြီဆိုရင်တော့ ဒီPPD ကို အများပြည်သူကို ချပြမှာဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီအဆိုပြုလွှာထက် ပိုကောင်းအောင်တင်ပြနိုင်သူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ရပါတယ်။ ဒါပေမယ့် မူလသဘောတူညီချက်မှာပါတဲ့ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်တွေကိုတော့ အတိအကျ လိုက်နာရမှာဖြစ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ ပန်းသီးနှစ်လုံး ဘယ်အလုံးပိုကောင်းလဲဆိုတာ ယှဉ်ကြည့်သလို ကြည့်လို့ရမှာပါ။

အခြားကုမ္ပဏီတစ်ခုက CCCC က တင်သွင်းထားတဲ့ PPD ထက် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေနဲ့ ယှဉ်ပြိုင်လာခဲ့ပါက CCCC အနေနဲ့ ဒုတိယကုမ္ပဏီရဲ့ကမ်းလှမ်းချက်တွေအတိုင်း ပြန်လည်ယှဉ်ပြိုင်ခွင့် ရှိသလို လက်လွှတ်ခံလို့လည်းရပါတယ်။ လက်လွှတ်ခံလိုက်ရင် ဒုတိယကုမ္ပဏီက လုပ်ပိုင်ခွင့်ကို ရရှိမှာဖြစ်ပြီး PPD ပြင်ဆင်ခြင်းရဲ့ ကုန်ကျစရိတ်အားလုံးတို့ကို အနိုင်ရကုမ္ပဏီက CCCC ကို ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။ NYDC နှင့် CCCC တို့မှ ထိုကုန်ကျစရိတ်များကို တင်ဒါဖိတ်ခေါ်ခြင်း မစတင်မီကထဲက ကြိုတင်ညှိုနှိုင်း သဘောတူညီမှု ရယူထားမှာဖြစ်ပြီး ထိုသဘောတူညီပြီး ကုန်ကျစရိတ်များကို တင်ဒါခေါ်မယ့် PPD ထဲမှာ ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။

 

China Communications Construction Company (CCCC) ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ

ပြီးခဲ့တဲ့လ NYDC ဖွင့်ပွဲအပြီး လူမှုကွန်ယက်နဲ့ သတင်းမီဒီယာတွေမှာ NYDC ကဘာလို့ တရုတ်ကုမ္ပဏီတစ်ခုနဲ့ ပေါင်းလုပ်နေတာလဲ၊ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုအတိုင်းအတာ စိုးရိမ်စရာအခြေအနေလား အစရှိတဲ့ မေးခွန်းများကို တွေ့ရပါတယ်။

ပထမအဆင့်အနေနဲ့ ဒီရန်ကုန်မြို့သစ်လို ကြီးမားတဲ့ စီမံကိန်းအတွက် ကျွမ်းကျင် အတွေ့အကြုံရှိပြီး ငွေကြေးအင်အား တောင့်တင်းတဲ့ ကုမ္ပဏီများနှင့်အတူ လက်တွဲလုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ CCCC သည် အလားတူတဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုများ နိုင်ငံတကာမှာ ဆောင်ရွက်ခဲ့ဖူးပြီး စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းပုံစံထုတ်ဖော်ခြင်း၊ ငွေကြေးရင်းနှီးမြုပ်နှံခြင်းနဲ့ ဆောက်လုပ်ခြင်းအပိုင်းတို့မှာလည်း လုပ်ဆောင်နိုင်စွမ်းနှင့် လုံလောက်သည့် အတွေ့အကြုံများရှိတယ်လို့ ယုံကြည်တဲ့အတွက် ရွေးချယ်ခဲ့ပါတယ်။

CCCC သည် ကမ္ဘာ့အကြီးဆုံး အဝေးပြေးလမ်းမကြီးများ၊ တံတားများကို ဒီဇိုင်းဆွဲခြင်းနှင့် တည်ဆောက်ရေးလုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး အာရှရဲ့ အကြီးဆုံး နိုင်ငံတကာ ဆောက်လုပ်ရေးကန်ထရိုက် တာ တစ်ခုလည်းဖြစ်ပါတယ်။ ဟောင်ကောင်နဲ့ မကာအိုကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးတံတား၊ ဘေဂျင်းနဲ့ ရှန်ဟိုင်းကို ဆက်သွယ်ထားတဲ့ အမြန်ရထားလမ်း အပါအဝင် ကမ္ဘာပေါ်ရှိ ကြိုးဆွဲတံတားပေါင်း (၁၈)ခုမှာ (၇)ခု ကို တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံကောင်းများစွာ ကိုပိုင်ဆိုင်ထားပါတယ်။

CCCC သည် ဟောင်ကောင် စတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး အကြီးမားဆုံး တရုတ်နိုင်ငံပိုင် အဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းများမှလည်း CCCC ရဲ့ ရှယ်ယာဝင်တွေအဖြစ် ပါဝင်လျက်ရှိတာကြောင့် ငွေကြေးခိုင်မာမှုလည်း အပြည့်ရှိပါတယ်။

ဒါကြောင့်မို့ ဒီလို ကမ္ဘာ့အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းမှာ အတွေ့အကြုံကြီးမားပြီး ငွေအင်အားတောင့်တင်းတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ CCCC က တင်သွင်းလာမယ့် စီမံကိန်းအကြိုအဆိုပြုလွှာ (Pre Project Documents) ကို လေ့လာသုံးသပ်ပြီး NYDC Challenge ရဲ့နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ဖို့ NYDC အနေနဲ့ စောင့်မျှော်နေပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ @ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more