ဧပြီ ၁၉၊ ၂၀၁၈။
မင်္ဂလာပါ။
ပျှော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ရည်ရွယ်ချက်ကို ပြောပြရှင်းလင်းပြီးတဲ့အခါမှာ အခုတစ်ခေါက်မှာတော့ အလုပ်အကိုင်အခွင့်အလမ်းအသစ်(၂)သန်းကို ဘယ်လိုဖန်တီးပေးမလဲဆိုတာကို ဆက်လက်ရှင်းလင်းသွားပါမယ်။
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် ထူထောင်ကြောင်းကြေငြာတဲ့အခမ်းအနားမှာ ရန်ကုန်တိုင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ဒီစီမံကိန်းရဲ့ အဓိကရည်မှန်းချက်တစ်ခုမှာ နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကို မြှင့်တင်ပေးရန်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ကုန်ထုတ်လုပ်ရေးကဏ္ဍသည် လုပ်သားအင်အားများစွာလိုအပ်ပြီး အချိန်တိုအတွင်းမှာ အလုပ်အကိုင်အသစ်များစွာ ဖန်တီးပေးနိုင်တဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို ဆွဲဆောင်နိုင်မယ့် အခြေခံအုတ်မြစ်ရှိဖို့ အလွန်ပင်အရေးကြီးပါတယ်။ ရန်ကုန်မြို့သစ်မှာ စီးပွားရေးလုပ်ငန်းများ ရပ်တည်နိုင်အောင်၊ စက်ရုံများတည်ဆောက်နိုင်အောင် ရှိရမယ့် အခြေခံလိုအပ်ချက်တွေကတော့ – ၁) စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ ရပ်တည်နိုင်အောင် အထောက်အကူပြုနိုင်မယ့် အုပ်ချုပ်ရေးမူဝါဒ နှင့် စီမံခန့်ခွဲရေးစနစ် ၂) ပြည့်စုံလုံလောက်သော လျှပ်စစ်မီးနှင့် ရေသန့်ရရှိရေး ၃) ကောင်းမွန်မြန်ဆန်တဲ့ ကုန်လမ်းပို့ဆောင်ရေးစနစ်၊ကြေးနန်းနှင့်ဆက်သွယ်ရေးစနစ် နှင့် အခြားအခြေခံအဆောက်အအုံများ ၄) အရည်အချင်းရှိဝန်ထမ်းအင်အားများ စသည်တို့ ဖြစ်ပါတယ်။
ဒီအချက်အလက်တွေမရှိရင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ ၊ ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်တည်နိုင်မှာမဟုတ်လို့ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပြီး လူနေမှုဘဝများတိုးတက်စေရန်ဆိုတဲ့ ရန်ကုန်မြို့သစ်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာလည်း အိပ်မက်လိုဘဲ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ NYDC အနေနဲ့ ကနဦးအစအဆင့်မှာတော့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရေးကို အဓိကဦးစားပေးလုပ်ဆောင်နေပါတယ်။ ယခုအချိန်တွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနဲ့ ဆွေးနွေးမှုများပြုလုပ်နေပြီး မကြာမီအချိန်အတွင်းမှာ အများပြည်သူကို ကြေငြာနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
လေးစားစွာဖြင့်
သိမ်းဝေ @ Serge Pun
၁၉.၄.၂၀၁၈