မှတ်တိုင်သစ်များနဲ့ အစပြုမယ့် ၂၀၁၉


မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း ပို့သအပ်ပါတယ်။ အားလုံးလည်း ၂၀၁၉ ခုနှစ်ကို အကောင်းဆုံးစတင်နေပြီလို့လည်း မျှော်လင့်ပါတယ်။

ကျွန်တော်တို့ NYDC အနေနဲ့ ၂၀၁၈ ခုနှစ်ကို အလွန်အရေးပါတဲ့ မှတ်တိုင်သစ်တစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ရန်ကုန်မြို့သစ်ရဲ့ Master Plan ပထမအဆင့်နဲ့ စပ်လျဉ်းတဲ့ အလုပ်ရုံဆွေးနွေးပွဲ (visioning workshop) ကို ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဗိသုကာအသင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့မှ အဖွဲ့ဝင်များ၊ NYDC နဲ့ သက်ဆိုင်သူများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။

NYDC က စီစဉ်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ AECOM မှ ရန်ကုန်မြို့သစ်ရဲ့  Master Plan ပထမအဆင့် မူကြမ်းကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီ Master Plan ပထမအဆင့် မူကြမ်းကို Royal Haskoning DHV က ရေးဆွဲထားတဲ့ မဟာဗျူဟာကျ ရေလွှမ်းမိုးမှုဆိုင်ရာ အကဲဖြတ်ချက် (Strategic Flood Risk Assessment)၊ Oriental Consultants က ရေးဆွဲထားတဲ့ ယာဉ်ကြောပိတ်ဆို့မှုနှင့်လမ်းပန်းဆက်သွယ်မှု စီမံရေး အကဲဖြတ်ချက်(Traffic & Transport Planning) တို့က လေ့လာတွေ့ရှိမှုတွေကို ပေါင်းစည်းပြီး ရေးဆွဲထားပါတယ်။

နောင်အနာဂတ်  ရန်ကုန်မြို့သစ်ကို ပုံဖော်ပေးမယ့် ဒီ Master Plan ဟာ NYDC အတွက် အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ Master Plan ပထမအဆင့်မူကြမ်းကို ရှင်းလင်းတင်ပြခဲ့တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ သွက်လက်တဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး တက်ရောက်လာသူတွေထံက အကြံဉာဏ်ကောင်းတွေ အများကြီးရရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့လည်း တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေဖြစ်တဲ့ ရေကြီးရေလျှံမှု၊ ရေအရင်းအမြစ်နှင့် ဇီဝဂေဟစနစ် (ecological system) ကို တိုးတက်မြင့်မားစေရေး၊ မြို့ကြီးတွေမှာ အများနားနေနိုင်တဲ့နေရာများ ဖော်ထုတ်နိုင်ရေး အစရှိတဲ့ မေးခွန်းတွေကို တက်ကြွစွာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်မြို့သစ် Master Plan ရေးဆွဲခြင်းကို AECOM နဲ့ အခြားသက်ဆိုင်ရာကဏ္ဍအလိုက် အကြံပေးတွေလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နောက်လာမယ့်ရက်သတ္တပတ်တွေ အတွင်းမှာ မူကြမ်းဒုတိယအဆင့် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Master Plan အပြီးသတ် ရေးဆွဲပြီးတဲ့အခါမှာ Town Hall တစ်ခုပြုလုပ်ပြီး final Master Plan ကို ရှင်းလင်းတင်ပြပြီး အကြံပြုချက်တွေကို ထပ်မံတောင်းခံသွားပါမယ်။ Master Plan ရေးဆွဲခြင်းနဲ့ တစ်ချိန်တည်းမှာပဲ ကနဦးအခြေခံအဆောက်အအုံ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ပထမအကြိမ် NYDC Challenge ကို ဖေဖော်ဝါရီလလယ်ပိုင်းအချိန်မှာ စတင်နိုင်အောင် ကြိုးစားနေပါတယ်။

Invest Myanmar Summit 2019

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၈-၂၉) ရက်နေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်ကျင်းပမယ့် Invest Myanmar Summit (IMS) 2019 မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့အတူ ရန်ကုန်မြို့သစ်စီမံကိန်းလည်း ပါဝင်မှာဖြစ်ပါတယ်။ Invest Myanmar Summit 2019 ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ စီစဉ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ပြည်နယ်နှင့်တိုင်ဒေသကြီးနဲ့ စီးပွားရေးအဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ဒီ Invest Myanmar Summit 2019 ကို  နိုင်ငံတကာနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေကို ရှာဖွေတွေ့ရှိစေနိုင်ဖို့ ရည်ရွယ်ပြီးပြုလုပ်တာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၃)ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဒေသနှင့် ပုဂ္ဂလိကစီးပွားရေးစီမံကိန်းပေါင်း ၁၂၀ ကျော်မှ ပါဝင် ပြသသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ Invest Myanmar Summit မှာ  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြသသွားမယ့် စီမံကိန်းအချို့ထဲက တစ်ခုဖြစ်ပါတယ်။ ဒီ summit မှာ NYDC အနေနဲ့ ရန်ကုန်မြို့သစ်အတွက် ရင်းနှီးမြှုပ်နှံမှုရှာဖွေနေတဲ့ ကဏ္ဍတွေဖြစ်တဲ့ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး(Public Transport) ၊ မြို့တော်သန့်ရှင်းရေးနှင့် အမှိုက်သိမ်းစနစ် (Municipal Waste) ၊ Convention Centre နဲ့  ဆက်သွယ်ရေး(Telecommunication) တို့ကို အဓိက ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပါတယ်။

Invest Myanmar Summit 2019 ရဲ့ အပိတ်ဆွေးနွေးပွဲမှာ ကျွန်တော့်အနေနဲ့ NYDC ကို ကိုယ်စားပြုပြီးတော့ ပါဝင်သွားမှာဖြစ်ပါတယ်။ အခုအချိန်ကာလဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးကအစ ကုန်ထုတ်လုပ်ခြင်းကဏ္ဍမြှင့်တင်နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍရဲ့ နည်းပညာတိုးတက်မြင့်မားရေး၊ နိုင်ငံ့ပိုကုန်မြှင့်တင်ရေး၊ ပညာရေးစနစ်အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု တိုးတက်မြင့်မားရေး အစရှိတဲ့ ကဏ္ဍအားလုံးမှာ တာဝန်ယူမှုရှိတဲ့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ရရှိလာမယ့် အကျိုးကျေးဇူးတွေ၊ အားသာချက်တွေကို အသုံးချခြင်းနဲ့ မြန်မာနိုင်ငံကို ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအတွက် ဆွဲဆောင်နိုင်တဲ့ နိုင်ငံအဖြစ်အသွင်ပြောင်းနိုင်အောင် ရည်ရွယ်ပြီး  “ပုဂ္ဂလိကကဏ္ဍ၏အမြင် – မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ခြင်း” ခေါင်းစဉ်နဲ့  ကျွန်တော်ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

NYDC အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အရေးပါတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်ခဲ့သလိုပဲ ၂၀၁၉ ခုနှစ်မှာလည်း ရန်ကုန်မြို့သစ်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းသစ်(၂)သန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ပွင့်လင်းမြင်သာမှုအပြည့်နဲ့ ဆက်လက်ကြိုးစားသွားပါမယ်။ ဇန်နဝါရီလ (၂၈) နဲ့ (၂၉) ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် www.investmyanmar2019.com ကို တက်ရောက်ကြဖို့လည်း အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more