တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
NYDC ကို အသစ်ဝင်ရောက်လာတဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်သစ်တွေကတော့ ဝန်ကြီးဒေါ်နီလာကျော်အစား ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်ဒုမြို့တော်ဝန် ဦးစိုးလွင်နဲ့ ဝန်ကြီးဦးဟံထွန်းနေရာမှာ ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူမယ့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ NYDC ကိုယ်စား ဝန်ကြီးဒေါ်နီလာကျော်နဲ့ ဝန်ကြီးဦးဟံထွန်းတို့ကို ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ စီမံကိန်းတိုးတက်ရေးအတွက် အဘက်ဘက်က အားထုတ်မှုတွေ၊ ဆွေးနွေးအကြံပေးမှုတွေအတွက်လည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ရန်ကုန်မြို့သစ်ပထမအဆင့်ဖွံဖြိုးရေးမှာ အများကြီးအထောက်အကူဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မြန်မာနိုင်ငံမှာ ကုန်ထုတ်စက်ရုံတွေ ရွှေ့ပြောင်းတည်ဆောက်ဖို့ လာရောက်စုံစမ်းတဲ့ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူတွေ တော်တော်များများရှိခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့အတွက် စီးပွားရေးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့ ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့အတွက် အင်မတန်အရေးကြီးတဲ့ အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာက ဒီထုတ်ကုန်စက်ရုံတွေရဲ့ အစောတလျင် ရွှေ့ပြောင်းလုပ်ကိုင်လိုမှုပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ဒီကုန်ထုတ်စက်ရုံတွေကိုလည်း နေရာချထားပေးနိုင်ပြီး အခွင့်အရေးကောင်းလက်လွတ်မခံရအောင် စက်မှုဇုန်ပထမအသုတ်ကို နိုင်ငံတကာစံနှုန်းတွေ၊ စည်းမျဉ်းတွေနဲ့အညီ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ အစီအစဉ်တစ်ခုရေးဆွဲနိုင်ဖို့ ပြင်ဆင်နေပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အချိန်နဲ့တစ်ပြေးညီ ပြောပြပေးသွားပါမယ်။
လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun