NYDC Challenge ပထမအဆင့်အတွက် NYDC နှင့် ထိပ်တန်း အခြေခံအဆောက်အအုံကုမ္ပဏီတစ်ခုတို့ မူဘောင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထို


NYDC Challenge ပထမအဆင့်အတွက် NYDC နှင့် ထိပ်တန်း အခြေခံအဆောက်အအုံကုမ္ပဏီတစ်ခုတို့ မူဘောင် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထို

ရန်ကုန်၊ မြန်မာ၊ ၂၀၁၈ ခုနှစ် မေလ (၂) ရက် – ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး နှင့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (NYDC) ၏ ဥက္ကဌဖြစ်သူ ဒေါ်နီလာကျော်နှင့် ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည့် China Communications Construction Company Ltd. (CCCC) တို့သည် ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်၏ အခြေခံအဆာက်အဦ လုပ်ငန်းများဆိုင်ရာ အသေးစိတ် စီမံကိန်းအဆိုပြုလွှာ (Project Proposal) ကို ပြင်ဆင်တင်သွင်းရန် အတွက် ယနေ့ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဤသဘောတူညီချက်မူဘောင်သည် NYDC Challenge Model ၏ ကနဦးအဆင့်ဖြစ်ပြီး အရည်အသွေးပြည့်မီ၍ လုပ်ဆောင်နိုင်စွမ်းရှိသည့် ကုမ္ပဏီမှ စီမံကိန်း၏ ပထမအဆင့်အတွက် စီမံကိန်းအကြိုအဆိုပြုလွှာတစ်စုံ (Pre-Project Document-PPD) ကို တင်သွင်းရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ PPD တွင် NYDC မှ ပြန်လည်သုံးသပ်ရန် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာရေးအဆိုပြုချက် နှင့် စီးပွားရေးလုပ်နည်းပုံစံ (Business model) များလည်း ပါဝင်မည်ဖြစ်သည်။ PPD ကိုတင်သွင်းပြီး NYDC မှ အတည်ပြုပြီးနောက်တွင် အခြား အရည်အချင်းပြည့်ဝသည့် မည်သည့်ကုမ္ပဏီမဆို ပိုမိုကောင်းမွန်သည့် ကမ်းလှမ်းချက်များဖြင့် ပြန်လည် စိန်ခေါ်မှု ပြုနိုင်စေရန် အများပြည်သူသို့ ကြေညာသွားမှာဖြစ်ပါသည်။ သို့ရာတွင် စိန်ခေါ်သည့် ကုမ္ပဏီမှ ကမ်းလှမ်းချက်များသည် မူလသဘောတူညီချက် စာချုပ်ပါ သတ်မှတ်ချက်နှင့် ကန့်သတ်ချက်တို့အတိုင်း အတိအကျ လိုက်နာရမည် ဖြစ်ပါသည်။

လုပ်ငန်းပထမအဆင့် တည်ဆောက်ရေးတွင် ကျေးရွာငါးရွာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ ဓါတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်ပါသည်။

NYDC ၏ Vice Chairman နှင့် CEO ဖြစ်သူ ဦးသိမ်းဝေ (ခ) Mr. Serge Pun မှ ပြောကြားရာတွင်“ယခုလို ကြီးမားသည့် စီမံကိန်းအတွက် ကျွမ်းကျင် အတွေ့အကြုံရှိပြီး ငွေကြေးအင်အား တောင့်တင်းသည့် ကုမ္ပဏီများနှင့်အတူ လက်တွဲလုပ်ကိုင်ရန်မှာ အရေးကြီးကြောင်း၊ CCCC သည် စီမံကိန်းရေးဆွဲခြင်း၊ ဒီဇိုင်းပုံစံထုတ်ဖော်ခြင်း၊ ငွေကြေးရင်းနှီးမြုပ်နှံခြင်း၊ ဆောက်လုပ်ခြင်းအပိုင်းတို့တွင်လည်းကောင်း ဤစီမံကိန်းနှင့် အလားတူသည့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် လုပ်ဆောင်နိုင်စွမ်းနှင့် လုံလောက်သည့် အတွေ့အကြုံများရှိသည်ဟု ယုံကြည်သည့်အတွက် ရွေးချယ်ခဲ့ပါကြောင်း၊ နောင်တွင် မိသားစုများနှင့် တိုင်းပြည်အတွက် အကျိုးရှိစေမည့် အလုပ်အကိုင်သစ်များ ဖော်ထုတ်ပေးရန် ရည်ရွယ်တဲ့ ခိုင်မာတောင့်တင်းသော စက်မှုအခြေခံ တည်ဆောက်ခြင်းဖက်သို့ တိုးတက်ဖြစ်ပေါ်နေမှု နောက်ဆုံးအခြေနေတွေကို မြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်အားရမိပါကြောင်း” ဖြင့်ပြောကြားပါသည်။

NYDC Challenge သည် မျှတသည့်ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန်စီစဉ်ထားသည့် ကမ္ဘာအနှံ့တွင် ကျင့်သုံးလျက်ရှိသော Swiss Challenge အပေါ်အခြေခံပြင်ဆင်ထားရှိသည့်နည်း ဖြစ်သည်ဟု NYDC ၏ Vice Chairman နှင့် CEO ဖြစ်သူ ဦးသိမ်းဝေ (ခ) Mr. Serge Pun မှ ပြောကြားသည်။ ထို့အပြင် ယင်းက NYDC Challenge တင်ဒါလုပ်ငန်းစဉ်အရ ဒုတိယကုမ္ပဏီမှ ပိုမိုကောင်းသည့် ကမ်းလှမ်းချက်များဖြင့် စိန်ခေါ်လာပါက CCCC အနေဖြင့် ဒုတိယကုမ္ပဏီမှ အဆိုပြုသည့် ကမ်းလှမ်းချက်များအတိုင်း ပြန်လည်ယှဉ်ပြိုင်နိုင်ခွင့် ရှိသကဲ့သို့ အခွင့်အရေးအား လက်လွှတ်ခံ၍လည်း ရမည်ဖြစ်ပါသည်။ အကယ်၍ CCCC မှ ပြန်လည်မယှဉ်ပြိုင်လိုပါက ဒုတိယကုမ္ပဏီသည် လုပ်ပိုင်ခွင့်ကို ရရှိမှာဖြစ်ပါသည်။ သို့ရာတွင် PPD ပြင်ဆင်ခြင်း၊ တင်သွင်းခြင်းတို့အတွက် ကုန်ကျစရိတ်အားလုံးကို အနိုင်ရသည့် ကုမ္ပဏီမှ ပြန်လည်ပေးအပ်ရမှာ ဖြစ်ပါသည်။ ထိုကုန်ကျစရိတ်များကို NYDC နှင့် CCCC တို့မှ တင်ဒါလုပ်ငန်းများ မစတင်မီ ကြိုတင်ညှိုနှိုင်း သဘောတူညီမှု ရယူထားမည် ဖြစ်ပါသည်။
ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်အကြောင်း (www.nydc.com.mm)
ရန်ကုန်မြို့သစ်သည် လုံခြုံစိတ်ချရခြင်း၊ သတင်းအချက်အလက် နည်းပညာများပြည့်ဝခြင်း၊ သန့်ရှင်းသာယာလှပခြင်း အစရှိသည့် အင်္ဂါရပ်တို့ဖြင့် ပြည့်စုံသည့်မြို့ဖြစ်လာရန် မျှော်မှန်းထားပြီး အရည်အသွေး၊ ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုတည်းဟူသော စံနမူနာကောင်းတို့ကို ဖော်ဆောင်ပေးသွားရန်ဖြစ်ပါသည်။ ယခုစီမံကိန်းသည် တရုတ်နိုင်ငံရှိ Shenzhen၊ နှင့် Shanghai Pudong မြို့များကဲ့သို့သော အစိမ်းရောင်မြို့များ၏ နမူနာကို ယူထားခြင်းဖြစ်ပါသည်။ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ကို ရန်ကုန်မြို့သစ်တည်ဆောက်ရန်အတွက် အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ထူထောင်ထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်ပါသည်။
China Communications Counstruction Company Ltd အကြောင်း (http://en.ccccltd.cn)
China Communications Counstruction Company Ltd. သည် ကမ္ဘာ့အခြေခံအဆောက်အဦ တည်ဆောက်သည့် ကုမ္ပဏီများအနက် အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းသည် ဟောင်ကောင်နှင့် ရှန်ဟိုင်းစတော့အိတ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (၁၂၀) ကျော်တွင် လုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ CCCC နှင့် ၎င်း၏လက်အောက်ခံ ကုမ္ပဏီများသည် ဒီဇိုင်း၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ၊ သောင်များတူးဖော်ခြင်း၊ ဘက်စုံမြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စက်မှုဇုံ ဖွံ့ဖြိုးတိုးတက်မှု နှင့် အကြီးစား စက်ပစ္စည်း ကိရိယာများထုတ်လုပ်သည့် လုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည်။

Related Posts