Towards a Safe, Smart, Clean and Liveable Yangon


လုံခြုံစိတ်ချမှု၊ သတင်းအချက်အလက်နည်းပညာများပြည့်စုံမှု၊ သန့်ရှင်းမှု နှင့် ပြည့်စုံသော နေထိုင်ရန် အဆင်ပြေကောင်းမွန်သည့် ရန်ကုန်မြို့တော်ဆီသို့

မေ ၂၄၊ ၂၀၁၈။
ကမ္ဘာပေါ်မှာရှိတဲ့ မြို့ပေါင်း ၁၄၀ ရဲ့ မြို့ပြလူနေမှုစနစ်မြင့်မားမှုကို တိုင်းတာစာရင်းပြုစုထားတဲ့ ကမ္ဘာပေါ်မှာ နေလို့အဆင်ပြေကောင်းမွန်ဆုံးမြို့များဆိုတဲ့ အဆင့်သတ်မှတ်ချက်ကို The Economist Intelligence Unit အဖွဲ့က နှစ်စဉ်ထုတ်ပြန်ပါတယ်။ ဒီမြို့များကို တည်ငြိမ်မှု၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင် အနေအထား၊ ပညာရေး၊ အခြေခံအဆောက်အအုံ အစရှိတဲ့ အချက် ၅ ချက်ပေါ်မူတည်ပြီး အမှတ်ပေး အဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ ရန်ကုန်မြို့ဟာ နောင်တစ်ချိန်မှာ ဒီစာရင်းရဲ့ အကောင်းဆုံးမြို့ ၁၀ မြို့မှာ ပါဝင်လာနိုင်ဖို့ကတော့ ကျွန်တော်တို့အားလုံးရဲ့ မျှော်လင့်ချက်ဘဲဖြစ်ပါတယ်။

ရန်ကုန်မြို့တော်ကြီးဟာ (၁၁)ရာစု အစောပိုင်းကစပြီး ယခုချိန်အထိ နိုင်ငံတော်ရဲ့ နှလုံးသားပမာ လှုပ်ရှားရှင်သန်နေတဲ့ သမိုင်းဝင် မြို့တော်တစ်ခုဖြစ်ပြီး မြန်မာပြည်ရဲ့ အဓိက စီးပွားရေးမြို့တော်ကြီးလည်း ဖြစ်ပါတယ်။ လူဦးရေ (၇)သန်းကျော် မှီတင်းနေထိုင်ကြတဲ့ ရန်ကုန်မြို့တော်ရဲ့ ဂျီဒီပီဟာ တစ်နိုင်ငံလုံး ဂျီဒီပီရဲ့ (၂၆)%ကို ကိုယ်စားပြုပြီတော့၊ ငွေပမာဏအားဖြင့် ငွေကျပ် (၁၉.၃)ထရီလီယံ ထုတ်လုပ်ပေးနိုင်တဲ့အတွက် နိုင်ငံ့စီးပွားရေးရဲ့ အသက်သွေးကြောတစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းကာလ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ကြတဲ့အခါ ရန်ကုန်မြို့တော်ရဲ့ အခန်းကဏ္ဍဟာ ပိုမိုအရေးပါလာပါတယ်။ ရန်ကုန်မြို့တော်ကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ စိန်ခေါ်မှုများဖြစ်တဲ့ စီးပွားရေးနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ရန်ကုန်မြစ်တစ်ဘက်ကမ်းမှ မြို့သစ်တည်ဆောက်ရေး စီမံကိန်းဟာဆိုရင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ အမြော်အမြင်ကြီးမှု၊ ရေရှည်လိုအပ်ချက်တွေကို ကြိုမြင်နိုင်မှုလို့ ဆိုလည်းရပါတယ်။

ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်ရောက်နေသလား

NYDC အနေနဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်တဲ့နေရာမှာ စီးပွားရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဘယ်လိုပုံဖော်မလဲဆို တာကို လမ်းညွှန်ပေးမယ့် လူမှု စီးပွား ဆိုင်ရာ ပင်မစီမံချက် (Socio – Economic Master Plan) တစ်ရပ်လိုအပ်ပါတယ်။ လိုအပ်နေတဲ့ SEMP ကို ရေးဆွဲဖို့ ကမ္ဘာ့ထိပ်တန်း စီမံအုပ်ချုပ်မှု အကြံပေး အဖွဲ့အစည်း ဖြစ်တဲ့ McKinsey & Company ကို NYDC မှ တာဝန်ပေးခဲ့ပါတယ်။
Socio- Economic Masterplan (SEMP) ကို ရေးဆွဲရတဲ့ အဓိက ရည်ရွယ်ချက်တွေကတော့

  • ရန်ကုန်မြို့သစ်၏ တန်ဖိုးအဆိုပြုချက်ကို ဖော်ထုတ်ရန်
  • စီးပွားရေး တိုးတက်မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များ ပေါ်ထွက်ရေးအတွက် စီးပွားရေးဆိုင်ရာ စိစစ် အကဲဖြတ်ချက်ပြုလုပ်ပြီး ဦးစားပေးကဏ္ဍများ သတ်မှတ်ခြင်း၊
  • အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် လူ့စွမ်းအားအရင်းနှီး ဖွံ့ဖြိုးတိုးတက်မှု အစီအမံများ ဖော်ထုတ်ရန်
  • ရန်ကုန်မြို့သစ်၏ စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်နိုင်ရန် အကောင်းဆုံးနှင့် အမြန်ဆုံး လမ်းကြောင်းကို ရှာဖွေရန်
  • အခြေခံအဆောက်အအုံများအဆင့်လိုက် အကောင်အထည်ဖော်ရေး စီမံချက် နှင့် မြို့ပြသစ်တစ်ခု ပေါ်ထွက်လာရေး လမ်းညွှန်ချက် အစီအစဉ်များကို ရေးဆွဲရန်
  • သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးအတွက် မဟာဗျူဟာကျ အစီအမံတစ်ခု ရေးဆွဲဖော်ထုတ်ရန်
  • အစိုးရအတွက် အဓိကကျတဲ့ ဦးစားပေး မူဝါဒတွေအပေါ် ထောက်ခံတင်ပြချက်များပါဝင်တဲ့ လွှဲပြောင်းပေးအပ်ရေးစီမံချက်(delivery plan) တစ်ရပ်ကို ပြုစုပေးရန်
  • စီမံကိန်း ရေရှည်တည်မြဲရေးအတွက် စီမံအုပ်ချုပ်ရေးမူနှင့် ကြုံတွေ့လာနိုင်ဖွယ်ရာရှိတဲ့ အန္တရာယ်အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းများကို အကြံပြုရန်

ဒီလိုအရေးကြီးတဲ့ SEMP ကိုရေးဆွဲနိုင်ဖို့ ကုန်ကျစရိတ် ထောက်ပံ့ကူညီပေးတဲ့ ယူကေနိုင်ငံအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for International Development – DFID) ကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်။ SEMP ကို ရေးဆွဲနိုင်ဖို့ Mckinsey ကုမ္ပဏီအနေနဲ့ ကျယ်ပြန့်တဲ့ သုတေသနပြုလုပ်မှုတွေ၊ စိစစ်ချက်တွေ နဲ့ ဒီစီမံကိန်းကြီးတစ်ခုလုံးနဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်သူများ အားလုံးနဲ့ တွေ့ဆုံပြီး တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ စီမံချက် ရေးဆွဲခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လကုန်မှာ ပြီးဆုံးမှာဖြစ်ပြီး အများပြည်သူများ ဖတ်ရှုနိုင်ရန်အတွက်လည်း အကျဉ်းချုပ်စာတန်းတစ်စောင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်ကို တည်ဆောက်ရာမှာ ကွန်ဒိုမီနီယံတွေ၊ ဟိုတယ်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ ပိုမိုဆောက်လုပ်ပြီး ရန်ကုန်မြို့ကြီးကို ပြိုင်ဆိုင်ဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ ဒါတွေကို ခုအချိန်မှာ ရန်ကုန်မြို့တွင်းမှာတင် လုံလုံလောက်လောက် ဆောက်လုပ်ထားရှိပြီး၊ လိုအပ်တာထက်တောင်ပိုလျှံနေပြီဖြစ်လို့ ထပ်မံဖြည့်စွက်ပေးဖို့ လတ်တလောမှာ အစီအစဉ်မရှိပါဘူး။ ကျွန်တော်တို့ အာရုံစိုက်ရမှာက ကိုယ်ပိုင်အိမ်မရှိတဲ့ အများပြည်သူတွေအတွက် သူတို့တတ်နိုင်မယ့် တန်ဖိုးသင့်အိမ်ယာတွေ ဆောက်လုပ်ဖြည့်ဆည်းပေးရမှာဖြစ်ပြီး ဝင်ငွေရရှိနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်အကောင်အထည်ပေါ်လာပြီး လိုအပ်ချက်တွေများပြားလာတာနဲ့အမျှ အဆင့်မြင့် ကုန်တိုက်ကြီးတွေ၊ ကွန်ဒိုမီနီယံကြီးတွေ တစ်ဖြည်းဖြည်းနဲ့ ပေါ်ပေါက်လာမှာပါ။ ရန်ကုန်မြို့သစ်ရဲ့ အောင်မြင်မှုဟာ စက်မှုကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာ အများကြီးမူတည်နေပြီး ဒီကဏ္ဍတွေရဲ့ အောင်မြင်မှုဟာလည်း စီးပွာရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်မယ့် မူဝါဒများရှိဖို့လိုအပ်ပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်လို့ရမယ့် စီးပွားရေး ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကို ဖန်တီးနိုင်ပြီဆိုရင်တော့ အောင်မြင်မှုဟာ လက်တစ်ကမ်းအကွာကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ကြီးလည်း နောင်တစ်ချိန်မှာ ကမ္ဘာပေါ်မှာ နေလို့အဆင်ပြေကောင်းမွန်ဆုံးမြို့များစာရင်းရဲ့ အကောင်းဆုံး (၁၀) မြို့မှာ ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ @ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more