Town Hall ဆွေးနွေးပွဲများ၏ အရေးပါမှု


ဇွန် ၁၆၊ ၂၀၁၈။

NYDC ကို စပြီးတည်ထောင်ခဲ့တဲ့ မတ်လကနေစပြီး ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အများပြည်သူတို့ရဲ့ အမြင်များကို  လူမှုကွန်ရက်နဲ့ မီဒီယာတွေကနေတဆင့် ကျွန်တော်တို့ ကြားသိရပါတယ်။ ဒီစီမံကိန်းကို လူအများက စိတ်ဝင်စားမှုရှိတာ တွေ့ရပြီး  ထောက်ခံအားပေးတဲ့ သူတွေရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာတာလည်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီထဲကမှ အမေးများတဲ့ မေးခွန်းတွေကတော့ အစိုးရက စီးပွားရေးလုပ်ဖို့လိုလို့လား၊ ဒီမြို့သစ်လို စီမံကိန်းမျိုးကို ဝန်ကြီးဌာန ဒါမှမဟုတ် ကော်မတီဖွဲ့ပြီး လုပ်လို့မရဘူးလား၊ ရန်ကုန်မြို့သစ်က အကျိုးအမြတ်မရှိဘဲ ပိုက်ဆံဖြုန်းတဲ့ စီမံကိန်းဖြစ်သွားမှာလား၊ ခုလက်ရှိ ရန်ကုန်မြို့ကိုဘဲ ပိုကောင်းလာအောင် ဘာလို့မလုပ်တာလဲ၊ တင်ဒါခေါ်ယူရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလား၊ NYDC Challenge ရဲ့ ပထမအဆင့်ကို စပြီးလုပ်ဆောင်ဖို့ China Communications Construction Company Limited (CCCC) က လုပ်ပိုင်ခွင့် ရသွားတာကကော ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိရဲ့လား အစရှိတဲ့ မေးခွန်းတွေဘဲဖြစ်ပါတယ်။

လူထု၏စိတ်ဝင်စားမှု

ကျွန်တော်ရဲ့ အတွေ့အကြုံအရ စီမံကိန်းတစ်ခု၊ ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးအကြီးဆုံးက ဒီစီမံကိန်းနဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ ထိရောက်တဲ့ ဆက်သွယ်မှုကွန်ရက် ရှိဖို့လိုခြင်းပါ။ ဒါမှလည်း ဘက်ပေါင်းစုံက အမြင်တွေကို သိရှိနိုင်ပြီး အားလုံးလက်ခံနိုင်တဲ့ အနေအထားတစ်ခုကို ရရှိနိုင်မှာပါ။  ဒါကလွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘဲ သဘောထားကွဲလွဲမှုတွေ အများကြီးကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေကို  အပြန်အလှန် လေးစားမှုနဲ့ နားထောင်ပြီး ညှိနှိုင်းလုပ်ဆောင်သွားနိုင်ရင်  ပန်းတိုင်တစ်ခုကို ရောက်မှာသေချာပါတယ်။

ရန်ကုန်မြို့သစ်လို လူထုအတွက် အရေးပါတဲ့စီမံကိန်းမျိုးမှာ ဘက်ပေါင်းစုံက အမြင်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး အကျိုးရှိတဲ့ မူဝါဒတစ်ခု ချမှတ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ရလာဒ်တခု ထွက်ပေါ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဒါကြောင့်မို့ ဒီရန်ကုန်မြို့သစ်စီမံကိန်းအပေါ်မှာရှိတဲ့ မတူညီတဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးဖလှယ်နိုင်ဖို့ ဇွန်လ (၂၃)ရက်နေ့မှာ NYDC ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲ (NYDC Town Hall)ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှားတွေ၊ခန့်မှန်းချက်တွေအစား တိကျသေချာတဲ့ အချက်အလက်တွေ အများပြည်သူတွေ  ရယူသွားနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒီ NYDC Town Hall ဆွေးနွေးပွဲမှာ ကျွန်တော်အပါအဝင် လေးယောက် ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ခုပါဝင်ဆွေးနွေးမယ့် ပညာရှင်တွေ ဆိုရင်လည်း ရန်ကုန်မြို့သစ်စီမံကိန်းအပေါ်   စိတ်ဝင်တစ်စားနဲ့ မေးခွန်းကောင်းတွေ၊ အကြံဉာဏ်ကောင်းတွေ နဲ့ ထောက်ပြဆွေးနွေးထားတဲ့ သူတွေလည်းဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ –

  • ဦးခိုင်ဝင်း – Sandhi Governance Institute ကို တည်ထောင်ထားပြီး public-private partnerships နဲ့ public policy ကဏ္ဍ တွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
  • ဦးရဲမြတ်သူ – မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဖြစ်ပြီးတော့ Alpha Computer Mandalay ကုမ္ပဏီကို တည်ထောင်ထားပါတယ်။
  • ဦးဇေယျသူ – The Voice Weekly ဂျာနယ်မှ မန်နေးဂျင်းဒါရိုက်တာနဲ့ ဒုတိယ အယ်ဒီတာချုပ်ဖြစ်ပြီးတော့ မြို့ပြအင်ဂျင်နီယာအဖြစ်မှ သတင်းဂျာနယ်ကဏ္ဍ ကိုဝင်ရောက်လာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး လေ့လာဆွေးနွေးသူတစ်ယောက် ဖြစ်ပါတယ်။

ဒီ NYDC Town Hall ဆွေးနွေးပွဲကို ဦးအောင်ချစ်ခင် က Moderator အနေနဲ့ တာဝန်ယူဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ဦးအောင်ချစ်ခင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရတဲ့ သင်တန်းတွေကို ဖွင့်လှစ်ထားတဲ့ Strategy First Institute ကို တည်ထောင်ထားတဲ့ စွန့်ဦးတီထွင်သူ တစ်ယောက်ဖြစ်ပါတယ်။

လူတိုင်းမှာ လုပ်ထုံးလုပ်နည်း၊ ဥပဒေရေးရာ၊ မူဝါဒ အစရှိတဲ့အချက်တွေအပေါ်မှာ အမြင်မတူနိုင်ဘဲ  မိမိယုံကြည်ချက်အတိုင်း သဘောထားကွဲလွဲမှုတွေ အမြဲတမ်းရှိနေကြပါ။  ဒီလိုသဘောထား ကွဲလွဲမှုတွေကနေမှ အားလုံးလက်ခံနိုင်မယ့် အခြေခံအချက်တစ်ခု ရှာဖွေပြီး ကျွန်တော်တို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ နိုင်ငံသားများလူနေမှုဘဝ တိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

ဇွန်လ (၂၃)ရက်၊ စနေနေ့မှာ ပြုလုပ်မယ့် NYDC Town Hall ဆွေးနွေးပွဲကိုလည်း ကြွရောက်ဖို့ အားလုံးကို ဒီနေရာကနေ ဖိတ်ကြားလိုက်ပါတယ်။ တက်ရောက်ဖို့ကိုလည်းဤနေရာမှာစာရင်းပေးသွင်းနိုင်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more