ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ထောင်ရာမှာ ချေးငွေယူဖို့ ဘာကြောင့်ဦးစားမပေးတာလဲ


ဧပြီ ၂၅၊ ၂၀၁၈။

အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုများနဲ့ စီးပွားရေးလည်းတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ထွက်လာကာ ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပထမအဆင့် လုပ်ဆောင်မှု အနေနဲ့ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို အဓိက ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပါဝင်မယ့် အခြေခံအဆောက်အအုံတွေကတော့ လယ်သမားများအတွက် ပြန်လည်နေရာချထားရေး ရွာ(၅)ရွာ ၊ စက်မှုဇုန်ဧရိယာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည်ရှိတဲ့ အဓိကလမ်းမကြီး၊ လမ်းသွယ်များ၊ ပြည့်စုံလုံလောက်သော လျှပ်စစ်မီးနှင့်ရေသန့်၊ ရေဆိုးသန့်စင်ရေးစနစ် ၊ ကောင်းမွန်မြန်ဆန်တဲ့ ကုန်လမ်းပို့ဆောင်ရေး၊ ကြေးနန်းနှင့်ဆက်သွယ်ရေးစနစ် စသည်တို့ဘဲဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေမှာဆိုရင်တော့ ဒီအခြေခံအဆောက်အအုံတွေကို အုပ်ချုပ်သူအစိုးရမှ ရင်းနှီးမြှုပ်နှံပြီး ဆောက်လုပ်ကြတာဖြစ်ပါတယ်။ တိုးတက်ဆဲနိုင်ငံများမှာတော့ နိုင်ငံတကာဘဏ်များ (Multilateral Banks) ဖြစ်ကြတဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ AIIB ဘဏ်တို့နဲ့ Bilateral Development Financial Institutions တွေက ချေးငွေအကူအညီတွေနဲ့ ဆောက်လုပ်ကြပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့ မတူတာကတော့ ကျွန်တော်တို့အစိုးရမှာ အခြေခံအဆောက်အအုံများ ကိုဆောက်လုပ်ဖို့လိုအပ်တဲ့ ရင်းနှီးငွေ လုံလောက်အောင် မရှိသလို ပြည်သူ့ဘဏ္ဍာကို မှီခိုပြီး ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ခြင်းကိုလည်း လျှော့ချနိုင်ဖို့ ကြိုးစားနေရပါတယ်။ ဒါကြောင့်မို့ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးစီမံကိန်းများမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာဖို့လိုအပ်ပြီး အထူးသဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမယ့်သူများ လိုအပ်ပါတယ်။

ဒီနေရာမှာ မြို့သစ်စီမံကိန်းအတွက် လိုအပ်နေတဲ့ရင်းနှီးငွေတွေကို နိုင်ငံတကာဘဏ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ကျွန်တော်တို့မြန်မာနိုင်ငံလို ဝင်ငွေနည်းတဲ့နိုင်ငံတွေအတွက် အထူးအစီအစဉ်နဲ့ ထုတ်ချေးတဲ့ ချေးငွေတွေကို ယူလို့မရဘူးလား၊ ဘာလို့မယူတာလဲဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ ဒီချေးငွေတွေကို ယူလိုက်ပြီဆိုရင် အတိုးနဲနဲဘဲဖြစ်ဖြစ်၊ အတိုးလုံးဝမပေးရတာဘဲဖြစ်ဖြစ် အကြွေးကတော့အကြွေးပါဘဲ။ ဒီအကြွေးတွေကို ပြန်ဆပ်ရမယ့်သူတွေက ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေပါ။

NYDC အနေနဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေ အကြွေးပြန်ဆပ်ရမယ့်တာဝန်ကြီးမှ ရှောင်နိုင်အောင် အကြွေးမယူဘဲ ဆောက်လုပ်မှာဖြစ်ပါတယ်။ ဒီလိုဆောက်လုပ်ဖို့အတွက် Public – Private Partnership တစ်ခုတည်ထောင်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများ (Equity Investors) ကို ဆွဲဆောင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများ (Equity Investors) နဲ့ ချေးငွေပေးသူများ (Lenders) ရဲ့ မတူတဲ့အချက်ကတော့ ချေးငွေပေးသူတွေဟာ တာဝန်ယူစရာမလိုဘဲ အတိုးရတဲ့အပြင် အချိန်တစ်ခုရောက်ရင် အရင်းကိုလည်းပြန်ရမှာဖြစ်ပြီး ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများအနေနဲ့ကတော့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကို စွန့်စားမှုအပြည့်ယူရပါတယ်။ ရင်းနှီးမြှုပ်နှံမှု အောင်မြင်ခဲ့ရင် အမြတ်များသလို မအောင်မြင်ခဲ့ရင်လည်း အရင်းပါဆုံးမှာဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာမှာ အန္တရာယ်များတဲ့ နိုင်ငံဆိုတာ ငြင်းလို့မရပါဘူး။ အခုကျွန်တော်တို့ NYDCမှ မြို့သစ်စီမံကိန်းရဲ့အခြေခံအဆောက်အအုံများကို ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများ (Equity Investors) နဲ့ ဆောက်လုပ်ဖို့စီစဉ်ထားတဲ့ အစီအမံဟာဆိုရင် မဟာဗျုဟာကျသလို လက်တွေ့လည်းကျပါတယ်။

ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေဟာ အကြွေးပြန်ဆပ်ရမယ့်တာဝန်ကြီးကို ပခုံးထမ်းနေစရာမလိုဘဲ ဒီစီမံကိန်းကရရှိလာမယ့် အသီးအပွင့်တွေကို ဒီစီမံကိန်းကြီးမှာ ယုံကြည်မှုဖြင့် ရင်းနှီးမြှုပ်နှံသူများနဲ့အတူ မျှဝေစံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ NYDC က ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အခြေခံသဘောတရားမူဘဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@Serge Pun
၂၅.၄.၂၀၁၈

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more